ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

ဘားအံ ဇူလိုင် ၁၆

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင် ၁၅ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်သည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းနှင့် မြဝတီမြို့နယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ပွဲကစားချိန်မိနစ်(၉၀)နှင့်အချိန်ပိုအတွင်း တစ်ဖက်သုံးဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်နေသောကြောင့် ပယ်နယ်တီအဆုံး အဖြတ်ခံယူရာ ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းက ၇ ဂိုး - ၅ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က ဗိုလ်လုပွဲနေ့အကောင်းဆုံးအားကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက်နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုရရှိကြသူများ၊ ပူးတွဲတတိယဆုရရှိသည့် ကော့ကရိတ်မြို့နယ်အသင်းနှင့် ဖာပွန်မြို့နယ်အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသားဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကက ဒုတိယဆုရရှိသော မြဝတီမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၀)သိန်းကျပ်တို့ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်က အနိုင်ရဗိုလ်စွဲသွားသော ကြာအင်းဆိပ်ကြီးမြို့နယ်ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၅)သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)