ရွှေကျင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်များပြသ

ရွှေကျင် ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြသခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီက ရှမ်းကြေးရပ်ကွက် မဟာပညာဗိမာန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်ဌေးဌေးလှက အဖွင့်အမှာစကား ပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်သဲစုအောင်က ကလေးအလုပ်သမားဆိုသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမား ဘယ်လိုပေါ်ပေါက်လာသည်ဆိုသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားများကို မည်သို့ဖြေလျှော့ ပပျောက်အောင်ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း၊ ကလေးအလုပ်သမားများ၏ လုပ်ငန်းခွင်အန္တရာယ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် ဒုတိယဦးစီးမှူးဦးမျိုးငြိမ်းနှင့် ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အသိပညာတိုးပွားစေမည့် ရုပ်ပုံပါ ပုံပြင်စာအုပ်များ၊ သုတ/ရသစာအုပ်များနှင့် နံရံကပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)