ဇီးကုန်း ဇူလိုင် ၁၆
လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်များ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရား ကောင်းမွန်သည့်လူတော်လူကောင်းများ ပေါ်ထွန်းလာပြီး အနာဂတ် နိုင်ငံတော်ကို ဦးဆောင်မည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က (မြို့မ) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က (မြို့မ) ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးသန့်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြား၍ ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းတွင် Grade-11 မှ ကျောင်းသားကျောင်းသူများဖြစ်သော မငွေရွှမ်းမေက "လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး"၊ မချစ်ဆုသွယ်က "လူငယ်နှင့်ယဉ်ကျေးမှု"၊ မောင်ချမ်းမြေ့အောင်က "လူငယ်နှင့် အားကစား"၊ မစက်သီရိဝေက "လူငယ်နှင့်ရည်မှန်းချက်" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်၊စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)