ကဝ ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း (ပေါက်ကုန်းကြီး)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ပေါက်ကုန်းကြီး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ဦးဆောင်ဆွေးနွေးကာ Grade(6)မှ မောင်ထိန်လင်းကျော်နှင့်မဝင့်ဝါဖူး ကလူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade(7)မှ မောင်ဇော်ထိန်က လူငယ်နှင့်အပေါင်းအသင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(8)မှ မောင်စိုးမင်းမောင်က လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(9)မှ မောင်လရောင်ထွဋ်ပိုင်က ပန်းတိုင်ကိုသတ်မှတ်ခြင်း ခေါင်းစဉ်များဖြင့်လည်းကောင်းအသီးသီး ဆွေးနွေးသွားခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည့်အကြောင်းအရာများကို ခေါင်းစဉ်အလိုက် မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ (၂၂၀)ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)