ညောင်တုန်း ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲကို ဇူလိုင် (၁၃) ရက် နံနက်ပိုင်းက နတ်ပေးကျေးရွာအုပ်စုရှိ နတ်ပေးရေကင်းစခန်း၌ ကျင်းပပြုလုပ်သည်။
သရုပ်ပြပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးခိုင်က မိုးရာသီမြစ်ရေမြင့်တက်ချိန်တွင် တာအိခြင်း၊ ထူးပေါက်ခြင်း၊ သဲဗွက်ထခြင်းတို့အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ စိုးရိမ်ရေအမှတ်အထက် ဆက်လက်မြင့်တက်လာပြီး တာတမံကိုယ်ထည်ပေါ် ရေကျော်၍ တာတမံကျိုးပေါက်မှု အခြေအနေများဖြစ်ပွားမှုမရှိစေရေးအတွက် ရေဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လက်တွေ့သရုပ်ပြရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)