တောင်းအင်ကျေးရွာ၌ လယ်ယာဧက သုံးရာကျော်ကို အကျိုးပြုမည့် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုတို့အား ကွင်းဆင်းစစ်ဆေး

မော်လိုက်  ဇန်နဝါရီ   ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် တောင်းအင်ကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း၊ အုတ်ခုံခံ သံဘောင်တင်သစ်သားတံတားနှင့် Box Culvert တစ်စင်းတို့ကို ဇန်နဝါရီလ ပထမပတ်မှစတင်၍ ဇေယျာအားမာန်ကုမ္ပဏီမှ တာဝန်ယူကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တောင်းအင်ကျေးရွာကုန်ထုတ်လမ်း၊ အုတ်ခုံခံ သံဘောင်တင် သစ်သားတံတား တစ်စင်းနှင့် Box Culvert  တစ်စင်း ဆောင်ရွက်နေမှု အခြေအနေတို့အား ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်း၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ် ချုပ်ရေးမှူး ဦးညီညီလွင်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းမင်းတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် ကုမ္ပဏီတာဝန်ခံ တို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ တို့အား လိုက်လံရှင်းလင်းပြသခဲ့ကြီး တာဝန်ရှိသူများက လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ “တောင်းအင်ကျေးရွာကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်ခြင်းကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေ ကျပ်(၄၁) သန်းဖြင့် အရှည်ပေ(၃၆၀၀)ရှိ မြေသား နှစ်ပေထု တာဘောင်တင်ခြင်းနှင့် ဂျင်း ကိုးလက်မထုရှိ ကုန်ထုတ်လမ်းခင်းခြင်းနှင့် ပေ(၂၀)ရှိ အုတ်ခုံခံ သံဘောင်တင် သစ်သားတံတား တစ်စင်း၊ Box Culvert တစ်စင်းတို့ကို ဇေယျာအားမာန်ကုမ္ပဏီမှ တာဝန်ယူ၍ ဇန်နဝါရီလ ပထမပတ်မှ စတင်၍ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေ ခြင်းဖြစ်ပြီး ၎င်းလမ်းနှင့် တံတားများပြီးစီးသွားပါက လယ်ဧက (၃၀၀) ကျော်ရှိ သီးနှံများအား အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရန် အကျိုးပြုသွားမည်ဖြစ်ကြောင်း” မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေ ထံမှသိရသည်။

မော်လိုက်သားလေး