ညောင်တုန်း ဇူလိုင် ၁၆
ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ကြီးကြပ်မှုဖြင့် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဥပဒေရုံးမှ ဖွင့်လှစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် "ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)" ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံသူများဖြစ်သည့်အတွက် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို တက်ကျွမ်းထားမှသာ မိမိတို့၏ ရပ်ကွက်/ကျေးရွာအုပ်စုများတွင်နေထိုင်သည့် ပြည်သူများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ကူညီဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဥပဒေဆိုင်ရာအထောက်အကူရရှိစေနိုင်မည်ဖြစ်ပါကြောင်း အဖွင့်အမှာ စကားပြောကြား၍ မြို့နယ်ဥပဒေအရာရှိ ဦးအောင်မြတ်သူက နိုင်ငံသားတိုင်း တရားဥပဒေစိုးမိုးမှုရရှိရေး၊ ဥပဒေအသိပညာရရှိရေးနှင့် ဥပဒေအကာအကွယ်ကို အညီအမျှရရှိစေရန်ရည်ရွယ်၍ ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၁၀၈) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇူလိုင်လ ၁၅ ရက်နေ့ မှ ၁၇ ရက်နေ့ ထိ (၃) ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)