ဖောင်းပြင်မြို့၌ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

ဖောင်းပြင် ဇူလိုင် ၁၆

ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနကကြီးမှူးပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် တတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်က အင်ကြင်းမြိုင်ရပ်ကွက်၊ ဝန်ထမ်းစုပေါင်းအိမ်ရာဘေးရှိမြေကွက်တွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက သစ်ပင်စိုက်ပွဲသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား ပျိုးပင်များကိုအသီးသီးပေးအပ်ကြသည်။ ထို့နောက် သစ်ပင်များကို စုပေါင်းစိုက်ပျိုးကြရာ အရိပ်ရပြီးလေပြင်းများကိုကာကွယ်နိုင်သည့် ကျွန်း ၄၀ ပင်၊ ပျဉ်းကတိုး ၆၀ ပင်၊ မန်ဂျန်ရှား ၈၀ ပင်၊ ခရေ ၆၀ ပင်၊ တမာ ၆၀ ပင် စုစုပေါင်း အပင် ၃၀၀ ကို စိုက်ပျိုးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူး ကျော်စိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ် ရေးမှူး ဦးမျိုးမင်းဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ တက်ရောက်ကြကာ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)