ငပုတော ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အာဇာနည်နေ့၏သမိုင်းကြောင်းနှင့် တန်ဖိုးများကို သိရှိနားလည်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဇာတိမာန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက် မြက်လာစေရန်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူး တရားကို အစဉ်အောက်မေ့ သတိရစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်များတွင်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ယခုကဲ့သို့ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ စာစီစာကုံးပြိုင်ပွဲတွင် “မမေ့စဉ်လာ အာဇာနည်နေ့ ကမ္ဘာတည်သရွေ့ အောင်မေ့ဦးမည်” ခေါင်းစဉ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကိုလည်း တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
(အောင်သူ- ပြန်/ဆက်)