ဒေးဒရဲမြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပတ်များထုတ်ပေးခြင်းများအား ကြည့်ရှုအားပေး

ဒေးဒရဲ ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ် ဦးစီးမှူးရုံးက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Unique ID နံပတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၁) နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ပိုထွန်း၊ မြို့နယ်လဝကဦးစီးမှူး ဦးဝင်းစိန်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများအား ဆွေးနွေး ဟောပြောခဲ့သည်။ ထို့နောက် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်း စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် UID နံပါတ်များ ပြုလုပ်ပေးနေခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များနှင့် အခက်အခဲများအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း