ဘိုကလေး ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်မှစတင်၍ အသက် (၁၀) နှစ်ပြည့်မီပြီးသည့် ကျောင်းသား/သူ (၄၀၀) ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်အောင်ထွန်းနှင့်ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်အရ One Stop Service ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် (၁)နာရီအချိန်၌ လုပ်ငန်းဆောင်ရွက်ရာသို့ ဘိုကလေးမြို့နယ်၏ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ကြည့်ရှုအားပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်က ကျောင်းသား/သူများအား One Stop Service ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ဆောင်ရွက်ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံး၏ တာဝန်ရှိသူများနှင့်အတူ ကျောင်းသား/သူများ၏ လက်ဝယ်အရောက် နိုင်ငံသား စိစစ်ရေးကတ်များနှင့် ဇီဝဆိုင်ရာအချက်အလက်များ One Stop Service ဖြင့် ထုတ်ပေးခဲ့ကြောင်း သိရသည်။
မိုးစက်