ဖောင်းပြင်မြို့၌ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိ

ဖောင်းပြင် ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ ချင်းတွင်းမြစ်ရေသည် ယမန်နေ့နေ့လယ် ၁ နာရီအချိန် တိုင်းထွာချက်အရ မြို့၏စိုးရိမ်ရေမှတ်အထက် ၂၅ စင်တီမီတာတွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒတိုင်းထွာရေးစခန်း၊ စခန်းတာဝန်ခံ ဦးမျိုးသူကျော်သူထံက သိရသည်။

ဖောင်းပြင်မြို့၏စိုးရိမ်ရေအမှတ်သည် ၁၃၂၅ စင်တီမီတာဖြစ်ပြီး ယမန်နေ့နေ့လယ် (၁)နာရီ အချိန်တိုင်းထွာချက်အရ ချင်းတွင်းမြစ်‌ရေသည်၁၃၅၀ စင်တီမီတာသို့ ရောက်ရှိနေခြင်းဖြစ်ကာ လက်ရှိရေအမှတ်တွင် မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ရေဝင်ရောက်မှု ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါ မြစ်ရေအခြေအနေများနှင့်ပတ်သက်၍  မြို့နယ်မိုးလေဝသနှင့်ဇလဗေဒတိုင်းထွာရေးစခန်းက တစ်နာရီတစ်ကြိမ် တိုင်းထွာလျက်ရှိကာ ရေဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ပစ္စည်းဥစ္စာများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် အသက်အန္တရာယ်များ ထိခိုက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး သတိပြုနေထိုင်ကြရေးနှင့် အရေးပေါ်အကူအညီများလိုအပ်ပါက အကူအညီများပေးနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က အသိပေးကြေညာပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)