နတ်မောက်မြို့၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေသနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးအတွက် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝစေရန်၊ ဥာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် လူတော် လူကောင်းလူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ယှဥ်ပြိုင်နိုင်စွမ်းရှိလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲကို ကျင်းပရာ မြို့ပေါ်ရှိ အမှတ်( ၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)နှင့် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တို့မှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက “အာဇာနည်မြင်း၊ နိဓဂြာဓသမင်မင်း၊ အာဇာနည်ခေါင်းဆောင်၊ အာဇာနည်ပန်းများရဲ့ကတိသစ္စာ၊ သူရဲကောင်းနှင့် ဘုရားလောင်းမျောက်မင်း”တို့၏ ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲနှင့် ဆုပေးပွဲ အခမ်းအနားတွင် ဆုများဆုချီးမြှင့်ပေးသွားမည်ဖြစ်သည်။

လှဝင်း