လှိုင်းဘွဲ ဇန်နဝါရီ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် မြိုင်ကြီးငူအထူးဒေသ(၂)၊ ချမ်းသာမြိုင်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ လမ်းဖွင့်ပွဲ အခမ်းအနားတွင် ရွာဦးဘုန်းတော်ကြီးမှ လမ်းဖွင့်ပွဲတရားဟောကြားပြီး ချမ်းသာမြိုင်ကျေးရွာ ရပ်ကွက်မှူး ဦးညွန့်အောင်နှင့် ချမ်းသာမြိုင်ကျေးရွာ၊ လူထုဗဟိုပြုစီမံကိန်း အုပ်စုစီမံကိန်းအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဒေါ်နော်ဒါးမုတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါကွန်ကရစ်လမ်း အတိုင်းအတာအရှည်ပေ(၁၄၀၀'× ၁၂'×၆''), (၇၆၀'×၁၄'×၆'')ဖြစ်ပြီး လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ(၂၇,၃၇၃,၇၀၀)ကျပ်၊ ကျေးရွာလူထုထည့်ဝင်ငွေ (၂,၃၅၅,၀၀၀)ကျပ်တို့ ဖြင့်ပူးပေါင်းပါဝင်ကာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်သူလူထုတို့ပူးပေါင်းအင်အား ဖြင့် စီမံကိန်းမှပံ့ပိုးပေးသည့် လမ်း(၂)လမ်းအပြင် ရပ်ရွာလူထုမှ တိုးချဲ့လမ်းအရှည်ပေ(၇၀၀'×၁၂'×၆'')ရှိသော ရွာတွင်းလမ်းကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါသည်။
လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ လက်ထောက်နည်းပညာမှူး ၊ လူထုစည်းရုံးရေးမှူးစသည့် စီမံကိန်းဝန်ထမ်းတို့၏ အနီးကပ်ကြီးကြပ်မှုတို့ကြောင့် ရပ်ရွာကော်မတီဝင်များ ဖွံ့ဖြိုးရေးအသိစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်သည့်အပြင် မိမိတို့တတ်နိုင်သည့်ဘက်မှ တက်တက် ကြွကြွ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။ အဆိုပါကွန်ကရစ်လမ်းကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က စတင်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့တွင် ပြီးစီးခဲ့သဖြင့် ချမ်းသာမြိုင်ကျေးရွာမှ အိမ်ထောင်စု ၁၈၆ စု၊ လူဦးရေ ၁၁၅၅ ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)