ရွှေကျင် ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင့်နှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီက ရှမ်းကြေးရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်သဲစုအောင်မှ ကလေးအလုပ်သမား အဓိပ္ပာယ်၊ ကလေးအလုပ်သမား ပေါ်ပေါက်လာပုံ၊ ကလေးအလုပ်သမားများကို လျော့နည်းပပျောက်မည့် နည်းလမ်းများ၊ ကလေးအလုပ်သမားများ၏ လုပ်ငန်းခွင်အန္တရာယ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် လှုပ်ရှားမှုအဖြစ် ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းနှင့် ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အသိပညာတိုးပွားစေမည့် ရုပ်ပုံပါ ပုံပြင်စာအုပ်များ၊ သုတ/ရသစာအုပ်များနှင့် နံရံကပ်စာစောင်များအား ဖတ်ရှုစေရန်ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)