စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဝါမျိုးစေ့နှင့်မတ်ပဲမျိုးစေ့များအား တောင်သူများသို့ပေးအပ်ခြင်း အခမ်း အနားနှင့် ကွင်းသရုပ်ပြသပွဲ တက်ရောက်

မုံရွာ ဇူလိုင် ၁၆

အိန္ဒိယသမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် Quick Impact Project (QIP)အစီအစဉ်အရ အရည်အသွေးနှင့်အထွက်နှုန်းကောင်းမွန်သည့် ဝါမျိုးစေ့နှင့်မတ်ပဲမျိုးစေ့များအား တောင်သူများသို့ ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ တောင်သူ ဦးအေးကျော်၊ ကွင်းအမှတ်- ၆၆၅ တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက် ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ  ဒေသခံတောင် သူများ တက်ရောက် ကြသည်။      

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသွားမည့်ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများအနေဖြင့် အမှတ်တကယ်စိုက်ပျိုးသွားမည့် ဒေသခံတောင်သူများထံ မျိုးကောင်းမျိုးသန့်များရရှိစေရေးနှင့် သွင်းအားစုများရရှိစေရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါ ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့်လည်း စိုက်ခင်းများအတွင်း ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအား လိုအပ်မှုအချိုးညီမျှစွာဖြင့် ထည့်သွင်းအသုံးချ စိုက်ပျိုးသွားရေး၊ ဝါးသီးနှံများအလေအလွင့် မရှိစေရေးတို့အတွက် ဝါသီးနှံများခူးဆွတ်သည့် အချိန်နှင့် ရိတ်သိမ်း ချိန်များတွင် ခေတ်မီနည်းပညာစက်များဖြင့် ခူးဆွတ်ရိတ်သိမ်းသွားရေး၊ ဝါသီးနှံများ သတ်မှတ်ပန်းတိုင်အတွက်နှုန်းရရှိရေးအတွက် တစ်ဧကလျှင် ပိဿ ၇၀၀ မှ ၁၀၀၀ အထိ ထွက်ရှိရေး၊ ပင်ကြား၊တန်းကြားစနစ်ဖြင့် စိုက်ပျိုးသွားရေး၊ တောင်သူများမှလည်း မိမိတို့ပိုင်ဆိုင်သည့် မြေဧကအတွင်း သတ်မှတ်အပင်အရေအတွက် စိုက်ပျိုးသွားကြရန်နှင့် အရည်အသွေး ကောင်းမွန်သည့်ဝါမျိုးစေ့များ စိုက်ပျိုးသွားရေး၊ တောင်သူများ ဝင်ငွေတိုးတက်စေရေးအတွက် သမရိုးကျစနစ်မှ သိပ္ပံနည်းကျစနစ်များဖြင့် စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တောင်သူများလိုအပ်သည့် မျိုးကောင်း မျိုးသန့်များ၊ သွင်းအားစုဓါတ်မြေဩဇာများနှင့် လယ်ယာသုံးစက်မောင်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ် ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးသွားနိုင်ရေးနှင့် စိုက်ခင်းများအတွင်း စိုက်ပျိုးရေရရှိစေရေးတို့အတွက် ဌာနများအချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးက အိန္ဒိယသမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် Quick Impact Project (QIP) အစီအစဉ်အရ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဝါမျိုးစေ့နှင့်မတ်ပဲမျိုးစေ့များအား တောင် သူများသို့ပေးအပ်ခြင်းနှင့် ဝါသီးနှံစိုက်ပျိုးခြင်းဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။          

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတောင်သူ ၁၀၀ ဦးအတွက် ဝါမျိုးစေ့၊ မတ်ပဲမျိုးစေ့များနှင့် သွင်းအားစုများအား ပေးအပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများက တောင်သူ ဦးအေးကျော်၏ ကွင်းအမှတ်- ၆၆၅ ၊ စိုက်ဧက ၄ ဧကအတွင်း RaKa 666 မျိုးကွဲအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ မိုးနှောင်းချည်မျှင်ရှည်ဝါ စနစ်တကျစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသမှုများအား အတူတကွ ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)