ပခုက္ကူတက္ကသိုလ်၌ ပျားမွေးမြူရေးတိုးချဲ့ပညာသင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပခုက္ကူ ဇူလိုင် ၁၆

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာန၌ ပျားမွေးမြူရေးတိုးချဲ့ပညာပေးသင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာလဲ့လဲ့ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ၊ မကွေးတိုင်းဒေသကြီး၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးကျော်ဌေးက သင်တန်းမှတစ်ဆင့်ရရှိမည့်အကျိုး ကျေးဇူးများအကြောင်းရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့်တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများ၊ သင်တန်းဆင်းအောင်လက်မှတ်များနှင့် ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါသင်တန်းကို သတ္တဗေဒဘာသာရပ်အထူးပြုကျောင်းသား/ကျောင်းသူများအတွက် သီအိုရီပညာရပ်များနှင့်လက်တွေ့ကျွမ်းကျင်မှုများကို ပေါင်းစပ်သင်ယူနိုင်ရေး၊ သုတေသနစွမ်းရည်မြှင့်တင်ပေးနိုင်ရေးနှင့် အရည်အသွေးမြင့်မားသော ဘွဲ့ရပညာရှင်များမွေးထုတ်ပေးနိုင်ရေးရည်ရွယ်၍ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ၁၃ရက်မှ ၁၅ရက်နေ့အထိဖွင့်လှစ်ပြီး စနစ်တကျသင်ကြားပို့ချပေးခဲ့ရာ သတ္တဗေဒဌာနမှ ပထမနှစ်မှ မဟာသိပ္ပံ(ဒုတိယ)နှစ်အထိ ကျောင်းသား/ကျောင်းသူ ၇၂ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)