လှိုင်းဘွဲ ဇန်နဝါရီ ၂၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အထက်ရေပူကျေးရွာအုပ်စု နယ်ခြားကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ကျောက်ဖောက်စက်ရေတွင်းတူးဖော်ခြင်းကို ဇန်နဝါရီလ(၄)ရက်က စတင်တူးဖော်ခဲ့ရာ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါစက်ရေတွင်းတူးဖော်ခြင်းကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ၂၀၂၀-၂၀၂၁ ဘာဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ သိန်း(၅၀)ဖြင့် စက်ရေတွင်းတစ်တွင်းကို အနက်ပေ(၂၈၀)ပေဖြင့် တူးဖော်ပေးပြီး တစ်နာရီ အထွက်နှုန်း (၃၀၀၀)ဂါလံခန့် ထွက်ရှိကြောင်း သိရသည်။ ထိုသို့တူးဖော်ခြင်းဖြင့် နှစ်စဉ်နွေရာသီ ရောက်တိုင်း ရေရှားပါးမှုကို ကြုံတွေ့နေရသော ပြည်သူများအနေဖြင့် သန့်ရှင်းသော သောက်သုံးရေရရှိလာမည်ဖြစ်ကြောင်း သိရသည်။
“ ကျမတို့ နယ်ခြားကျေးရွာမှာ နှစ်စဉ်နွေရာသီရောက်တိုင်း ရေခမ်းခြောက်တယ်။ ရွာသူရွာသားတွေက တစ်မိုင်ခန့် ဝေးသော အဝေးတစ်နေရာသို့ ရေခပ်သွားကြရတယ်။ ကျေးရွာပြည်သူအတွက်တော့ အခက်အခဲဖြစ်သလို စာသင်ကျောင်းမှာ ရှိတဲ့ဆရာ/မ၊ ကျောင်းသား/သူများအတွက် ပိုပြီးတော့ ခက်ခဲတော့၊ ကျေးရွာနေပြည်သူများ ရေရှိဖို့အတွက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ World Vision Myanmar အဖွဲ့ကလည်း လာရောက်၍ ကူညီပေးပါတယ်။ ယခု ကျောင်းဝင်းထဲမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ စက်ရေတွင်းကို လာတူးပေးတဲ့အတွက် စာသင်ကျောင်းအပြင် ကျေးရွာနေ ပြည်သူများ အတွက်လည်း ရေကိုအလုံအလောက်ရရှိပြီး ကျေးရွာနေပြည်သူများကိုယ်စား ဝမ်းမြောက်မိပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း” နယ်ခြားကျေးရွာနေ ဒေါ်မူဂေါ်က ပြောပြခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)