နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၁၆

ကျောင်းသား/သူလူငယ်များ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတက်စေရန်၊ တန်ဖိုးထားတတ်စေရန်၊ အသိပညာ၊ အတက်ပညာများဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး(ဦးစီးအရာရှိ-တွဲဖက်)က ဗလငါးတန်နှင့်ပြည့်စုံသော လူတော်၊လူကောင်းများပေါ်ထွန်းလာစေရန်၊ ကျောင်းစာအပြင်ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုမှတ်သားကြစေရန်၊ အင်တာနက်အသုံးပြုမှုလျော့ကျစေရန်၊ ကျန်းမာကြံ့ခိုင်စေရန်၊ ကာယလေ့ကျင့်ခန်းများပုံမှန်ပြုလုပ်ကြရန်စသည့် အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

လှဝင်း