မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာတွင် စက်ချုပ်သင်တန်း ဖွင့်လှစ်

အထက်မင်းလှ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သရက်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ပန်းတော်ပြင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ သင်တန်းနည်းပြဆရာမက သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စက်ချုပ်သင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ပန်းတော်ပြင်ကျေးရွာမှ သင်တန်းသူ (၁၅) ဦး စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင် (၁၅) ရက်နေ့မှ ဩဂုတ် (၂၉) ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)