အထက်မင်းလှ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိစေရန် သင်ကြားပေးခဲ့သော ဆရာမများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲစခန်းမှ ဒုရဲမှူး စိုးခိုင်က အမှာစကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအောင်မြင့်က ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲပြုလုပ်ခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိစေရန် သင်ကြားပေးခဲ့သော ဆရာမများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
မင်းလှမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူများအနက် မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် (၄) ဘာသာဂုဏ်ထူးရရှိသူ (၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ (၃) ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ (၅) ဦး၊ (၁) ဘာသာဂုဏ်ထူးရရှိသူ (၈) ဦး စုစုပေါင်းဂုဏ်ထူးရရှိသူ (၁၉) ဦးအတွက် ဆုချီးမြှင့်ပွဲ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)