ကံမ ဇူလိုင် ၁၆
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေနိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ကံမ) မြဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို အ.ထ.က (ကံမ) မှ Grade – 9 ကျောင်းသား ကျောင်းသူလေးများက “တို့ကျောင်းတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးမြင့်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးသက်လွင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးတင်မြင့်တို့က အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအတွင်း ထည့်သွင်းကျင်းပသော အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတို့တွင် ဆုရရှိသူများနှင့် “အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်း”၊“ Never Stop Learning Talk Show” တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြဘုတ်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)