မင်းဘူး(စကု)မြို့နယ်၌ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများဆောင်ရွက်မည့် ဒေသခံတောင်သူများအား ချေးငွေများပေးအပ်

မင်းဘူး ဇူလိုင် ၁၆

မကွေးတိုင်း‌ဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှချေးငွေဖြင့် စိုက်ပျိုးရေရရှိရေး ဆိုလာနှင့် ရေတင်ပန့် တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်မည့် ဒေသခံတောင်သူများအတွက် ပဥ္စမအကြိမ်ချေးငွေများပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်နှင့် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဝင်းတို့က အမှာစကားပြောကြားပြီး မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(‌ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးရဲဝင့်နိုင်က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများကို သက်သာသော အတိုးနှုန်းထားဖြင့် ထုတ်ချေးပေးနေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက ဒေသခံတောင်သူများထံ ချေးငွေများ ပေးအပ်ခဲ့သည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(‌ရေအရင်းအမြစ်)မှ မင်းဘူး(စကု)မြို့နယ်ရှိ ဆင်ခေါင်းကျေးရွာနှင့် ကန်ရေကျေးရွာတို့မှ ဒေသခံ တောင်သူများအား စိုက်ပျိုးရေရရှိရေး တစ်ပိုင်တစ်နိုင် ဆိုလာရေတင်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ပဉ္စမအကြိမ် ပြည်ထောင်စုနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများဖြင့် တောင်သူပေါင်း ၁၄ ဦးအား ငွေ ၁၄၂ ဒသမ ၁၃ ကျပ်သန်းကို သက်သာသောအတိုးနှုန်းထားဖြင့် ထုတ်ချေးပေးခဲ့ကြောင်း၊ အလားတူ မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေရရှိရေးအတွက် ဇူလိုင်လ ၁၅ ရက်နေ့အထိ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် တောင်သူ စုစုပေါင်း ၁၉၈ ဦးအား ချေးငွေကျပ်သန်းပေါင်း ၁၂၄၇ ဒသမ ၂၈၀ ကျပ်သန်း အထိ ထုတ်ချေးပေးနိုင်ခဲ့ပြီး အဆိုပါတောင်သူများ၏ စိုက်ပျိုးမြေဧကပေါင်း ၁၇၈၇ ဒသမ ၅၀ ဧကတွင် ဆိုလာရေတင်စနစ်လုပ်ငန်းများဖြင့် သီးနှံများကို(၁)နှစ်လျှင် (၃)သီးစိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)