ဖရူဆိုမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ဖရူဆို ဇန်နဝါရီ ၂၅

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေး အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်း အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့မကျေးရွာအုပ်စု၊ လောဂျာကျေးရွာရှိ ပြည်သူများ၏ မီးသုံးစွဲမှုအခြေအနေများကို ကွင်းဆင်း စစ်ဆင်းခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်စခန်းမှ ဒု-မီးသတ်ဦးစီးမှူး ဦးသိန်းသန်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအတွင်းရှိ အရန်မီးသတ် တပ်ဖွဲ့ဝင် များနှင့် ရာအိမ်မှူးများက ကျေးရွာ အတွင်း မီးသုံးစွဲမှုအခြေအနေ၊ အရေး ပေါ်ရေရရှိရေး ဆောင်ရွက်ထားရှိမှု၊ မီးသတ်ယာဉ် များ ဝင်ထွတ်သွားလာနိုင်မှုအခြေအနေ၊ မီးဘေးကြိုတင် ကာကွယ်ရေးသုံးပစ္စည်းဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ဆောင်ရွက် ထားရှိမှု၊ မီးသတ်ဆေးဘူးများ ကြိုတင်ထားရှိနိုင်ရေး၊ အပေါ့စား ရေစုပ်စက် ထားရှိနိုင်ရေးနှင့် ကျေးရွာမီးဘေး လုံခြုံရေး အဖွဲ့ ဖွဲ့စည်း နိုင်ရေးတို့ကို ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ကျေးရွာနေအိမ်များ တစ်အိမ်တက်ဆင်း မီးသုံးစွဲနေမှု အခြေအနေများ ကို လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)