ဂန့်ဂေါ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့မွန်းလွဲပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
ဦးစွာ ဂန့်ဂေါမြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်မှ မြို့မဈေးအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးရှိုင်းသူက သဘာဝဘေးအန္တရာယ်များ မကျရောက်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကြင်ဆွေမှ မြို့မဈေးအတွင်း မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဈေးသူဈေးသားများ မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကိုလည်းကောင်း အသိပညာပေးဟောပြောကာ ရေဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ရဲနိုင်ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် ဈေးသူဈေးသားများပူးပေါင်း၍ မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အရေးပေါ်မီးငြိမ်းသတ်ရေး ပစ္စည်းများပြည့်စုံကောင်းမွန်မှု ရှိ/မရှိစစ်ဆေးခြင်း၊ မီးသတ်ရေကန်များတွင် ရေအမြဲတမ်းအသင့်ရှိစေရေးနှင့် လျှပ်စစ်မီး/ဆိုလာမီးများသုံးစွဲမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးကာ မီးလန့်မှု/မီးလောင်မှုများနှင့်ပတ်သက်၍ လက်တွေ့မီးငြှိမ်းသတ်နည်းများကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ဂန့်ဂေါမြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးရှိုင်းသူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကြင်ဆွေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံဒုတိယဦးစီးမှူး ဒေါ်သင်းသင်းအေးနှင့်ဝန်ထမ်းများ၊ မြို့မဈေးကော်မတီဥက္ကဋ္ဌ ဦးအေးတင့်နှင့်အဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)