ဆင်ပေါင်ဝဲမြို့၌ ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကောင်စီဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ဆင်ပေါင်ဝဲ) ကျောင်းရှိ ဘောလုံးကွင်း၌ ကျင်းပသည်။

ကျောင်းသား/ သူလူငယ်လူရွယ်များမူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ကင်းဝေးစေပြီး အားကစားလှုပ်ရှားမှုဖြင့် ပြည်သူတစ်ရပ်လုံး အားကစား၏ အကျိုးကျေးဇူးကို သိမြင်နားလည်ခံစားတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်​ကြောင်း ကျောင်းအုပ်ဆရာမကြီးက ပြောကြားသည်။

အဆိုပါ ပြိုင်ပွဲတွင် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်များဖြင့် ပြိုင်ပွဲဝင် အသင်း (၅) သင်းတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲစဥ်တွင် အလောင်းဘုရားအသင်းနှင့် ဗန္ဓုလအသင်းတို့အား သရေကျခဲ့ရာ ဗန္ဓုလအသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုပေးပွဲကို ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးကျော်ဇင်ဖြိုးတို့က အဆင့်လိုက် ဆုရရှိသည့်အသင်းများအား ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် တံခွန်စိုက်ဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)