မင်းဘူး ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် မင်းဘူးခရိုင် ပြန်ဆက်/ဦးစီးဌာနနှင့် မင်းဘူး(စကု)မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာလ သီးနှံထုတ်လုပ်မှု မကျဆင်းစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းယုမော်က မင်းဘူး(စကု)မြို့နယ် အတွင်းရှိ တောင်သူများအနေဖြင့် ကိုဗစ်-၁၉ ကာလ သီးနှံထုတ်လုပ်မှု မကျဆင်းစေရန် မည်သို့ မည်ပုံဆောင်ရွက် ထားသည်ကို မေးမြန်းဆွေးနွေးခဲ့ရာ မင်းဘူး(စကု)မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဝင်းမှ သီးနှံထုတ်လုပ်မှု မကျဆင်းစေရန် CERP အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ ထုတ်လုပ်ခြင်းကို ဧက ၇၀၀ ဆောင်ရွက်ပေးခြင်း၊ အရည်အသွေးမှီ သီးနှံများ စိုက်ပျိုးထုတ်လုပ် နိုင်စေရန်အတွက် GAP စနစ်ဖြင့်ဆောင်ရွက်ခြင်း၊ သုတေသန ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးယှဉ်ပြိုင် စမ်းသတ်ကွက်များ ဆောင်ရွက်ခြင်း၊ ဓာတ်မြေဩဇာနှင့် ဓာတုပိုးသတ်ဆေးများ စနစ်တကျ အသုံးပြုနိုင်ရေး၊ သဘာဝမြေဆွေး သဘာဝပိုးသတ်ဆေးနှင့် ငါးအမိုင်နိုအက်စစ် ရွက်ဖျန်းအားဆေး ပြုလုပ်သုံးစွဲရေး ပညာပေး ဆောင်ရွက်ခြင်းနှင့် မိသားစု တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်း HOME GARDENING လုပ်ငန်းများ ဆောင်ရွက်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထိုနောက် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ်ခြင်း လုပ်ငန်းကို မင်းဘူး(စကု)မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၂၅ အုပ်စုနှင့် တောင်သူပေါင်း ၁၃၈ ဦးကို ဧက ၇၀၀ ဆောင်ရွက်ပေးထားကြောင်း၊ မျိုးစေ့ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်မဲ့ တောင်သူတွေကို မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ဖြစ်တဲ့ မျိုးသန့်မျိုးပွား RS မျိုးစေ့များကို အချိန်မှီရရှိ စိုက်ပျိုးနိုင်ရေးအတွက် မင်းဘူး(စကု)မြို့နယ် ဥယျာဉ်ဇင့် ကျေးရွာမှာရှိတဲ့ သိမ်ကုန်းပညာပေး ရှေ့တန်းစခန်းမှာ မျိုးစေ့များထားရှိပြီး ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့အတူ မျိုးစေ့ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်မဲ့ ကျေးရွာအုပ်စု ၂၅ အုပ်စုက တောင်သူပေါင်း ၁၃၈ ဦးကိုနိုင်ငံတော်က ထောက်ပံ့ပေးတဲ့ မျိုးစေ့ထုတ်ခြင်း လုပ်ငန်းအတွက် ထောက်ပံ့ကြေးငွေ ကျပ်သိန်းပေါင်း ၁၀၄၇၇၆၀၀၀.၀၀ ကိုလည်း အချိန်မှီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ဒီလိုဆောင်ရွက် ပေးခဲ့တဲ့အတွက် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်ခြင်း လုပ်ငန်းကနေ ယခုလက်ရှိ အခြေအနေအထိ မျိုးစပါးတင်းပေါင်း ၁၂၁၅၀ တင်းကို အသင့်သိုလှောင်ထားနိုင်ခဲ့ပြီး ၄၅၀၀ တင်းကတော့ မင်းဘူး(စကု)မြို့နယ် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးရုံး မျိုးစေ့သိုလှောင်ရုံမှာ ထားရှိခြင်းဖြစ်ပြီး ကျန်ရှိတဲ့ ၇၆၅၀ တင်းကတော့ တောင်သူများ နေအိမ်တွင် ထားရှိကြောင်း သိရသည်။
သိုလှောင်ထားတဲ့ မျိုးစပါးတွေကတော့ မနောသုခ ၁၈၉၃ တင်း၊ ဆင်းသုခ ၁၇၅၀ တင်း၊ ပခန်းရွှေဝါ ၃၇၅ တင်း၊ ဧရာမင်း ၈၁၃၂ တင်းတို့ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဝင်း ထံမှသိရသည်။
ဇေယျာထက် (မင်းဘူး)