သရက်မြို့၌ သဘာဝဘေးလျော့ပါးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

သရက် ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ သဘာဝဘေးလျော့ပါးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်း အသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်းကျောင်း(ရွှေဘုံသာကျောင်း)ရှိ ကျောင်းသား၊ကျောင်းသူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက စာသင်ဆောင် ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် သရက်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေးက ရေဘေး၊ ငလျင်ဘေးဆိုင်ရာများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ထက်နန္ဒာထွန်းက ပလတ်စတစ်သုံးစွဲမှု၏ဆိုးကျိုးများနှင့် ပလတ်စတစ်လျော့ချရန် နည်းလမ်း(၉)မျိုး ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောရာတွင် အဖြူရောင်ညစ်ညမ်းမှုဆိုသည်မှာ တခါသုံးကြွပ်ကြွပ်အိတ် ပလတ်စတစ်များသုံးစွဲမှုမှပတ်ဝန်းကျင်နှင့်ဂေဟစနစ်တို့အား ယိုယွင်းပျက်စီးစေမှုဖြစ်ပါကြောင်းနှင့် ပလတ်စတစ်၏အခြေခံသဘာဝ(၃)မျိုးအကြောင်းတို့ကို ဟောပြောဆွေးနွေးကြသည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “ပလတ်စတစ်သုံးစွဲခြင်းအကြောင်း” အသိပညာပေးလက်ကမ်းစာစောင်များနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)