ပခုက္ကူခရိုင်အဆင့် (ဒုတိယအကြိမ်)မိုးရာသီ စု‌ပေါင်းသစ်ပင်စိုက်ပျိုး‌ပွဲတော် ကျင်းပ

ပခုက္ကူ ဇူလိုင် ၁၆

မကွးတိုင်းဒေသကြီး ပခုက္ကူခရိုင်အဆင့် ၂၀၂၆ ခုနှစ် (ဒုတိယအကြိမ်) မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ပျိုးပင်များပေးအပ်သည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများက ရင်းမာပင် ၁၀၀၊ ပိတောက်ပင် ၁၀၀၊ တမာပင် ၁၀၀၊ မယ်ဇယ်ပင် ၁၀၀၊ ကုက္ကိုလ်ပင် ၅၀၊ ခရေပင် ၅၀ စသည့် မိုးရာသီသစ်ပင်ပေါင်း ၅၀၀ ပင်တို့အား အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးနှင့် အရိပ်အာဝါသရရှိစေရေးတို့အတွက် (ဒုတိယအကြိမ်)စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)