အောင်လံ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတ တိုးပွားစေရန်၊ တွေးခေါ်မြော်မြင်မှုစွမ်းအားများ မြင့်မားလာစေရန်နှင့် စာဖတ်သည့် အလေ့အထ ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသော အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ (၁၄) ရက်နေ့ နံနက် ၉ နာရီက အ.မ.က-၂ (ကန်ကြီး)ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းတင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပဗဟုသုတစာပေများကိုပါ လေ့လာဖတ်ရှုကြရန်လိုအပ်ကြောင်း၊ စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် လူငယ်နှင့်စာရိတ္တဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး၊ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ၊ ရသ စာအုပ် စာစောင်များနှင့် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)