မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

မကွေး ဇူလှိုင် ၁၅

မကွေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က တိုင်းဒေသကြီးဖူဆက်ရုံ အားကစားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက် ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် အမျိုးသား(၃)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် မကွေးမြို့နယ်အသင်းနှင့် မြို့သစ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးရာ အမျိုးသား(၃)ယောက်တွဲ ဗိုလ်လုပွဲတွင်  မကွေးမြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသား အကောင်းဆုံး နောက်ထိန်း၊ ပင့်ထောင်နှင့် ရိုက်ခုတ်ဆုရရှိသူများအား ဆုကလပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ အမျိုးသား (၂)ယောက်တွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် အသင်းများအား တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ အမျိုးသား (၃)ယောက်တွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် အသင်းများအား တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူမျာကဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် အသင်းများနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသော မကွေးမြို့နယ် အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများကို  အသီးသီးချီးမြှင့်ပေးခဲ့သည်။

အဆိုပါ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဇူလှိုင်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီး မှပြိုင်ပွဲဝင်များက အုပ်စု(၄)ခု ခွဲ၍ အမျိုးသားပွဲစဉ် အဖြစ်(၂)ယောက်တွဲ၊ (၃)ယောက်တွဲ၊ (၄)ယောက် တွဲ ပွဲစဉ်များဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)