မင်းဘူး ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် (၂၀၂၆ – ၂၀၂၇) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် ပထမ (၃) လပတ် ဧပြီလမှ ဇွန်လကုန်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်စီမံကိန်း ဦးစီးမှူး ဦးသန်းထွန်းမြတ်ကမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ အကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်းများ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်းများ၊ လယ်ယာကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များ၊ စက်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များ၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များအား ရှင်းလင်းတင်ပြကာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက မိမိတို့၏ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို အသီးသီးရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)