စလင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

စလင်း ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကူတိုကျေးရွာ၊ အလယ်တန်းကျောင်း၌၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအေးလင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများဖြစ်သည့် ကလေးငယ် များ အရွယ်မတိုင်မီ ကလေးအလုပ်သမားဘဝသို့ မရောက်စေရန်၊ ခိုင်းစေခြင်းမပြုကြရန်နှင့် ငွေကြေးများပေး၍ ဖြားယောင်းကာခိုင်းစေခြင်းမှလွတ်ကင်းစေရန် မိဘများသတိထားရမည့် အချက်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလွင်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများမှ ငလျင်ဘေး၊ ရေဘေး မိုးကြိုးပစ်ခြင်းများမှ ကြိုတင်ပြင်ဆင်ခြင်း၊ ရှောင်ရှားရန်နှင့် သတိပြုနေထိုင်ပုံအချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆန်းလင်းမောင်က စားသောက်ကုန်များတွင် ပါရှိတတ်သော အစားအသောက်ကုန်ပစ္စည်းများတွင် အသုံးပြုသည့် ဓာတုဆိုးဆေးအန္တရာယ်များအကြောင်း၊ သက်တမ်းလွန် အစားသောက်များနှင့် ကုန်စည်အမှတ်တံဆိပ်၊ ကုန်ညွှန်းအမှတ်အသားနှင့် အန္တရာယ်ရှိသော အစားအစာများအား ဝယ်ယူစားသုံးမှုမရှိစေရေးတို့ကို ပြည့်စုံစွာအသိပညာပေးဟောပြောခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစိုးမိုးသူက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဥ်းကို ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/ သူများအားသက်ဆိုင်ရာဌာနများမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အသိပညာပေးနံရံကပ်စာစောင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ပြသဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအလယ် တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဗိုဇွဲနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)