ပဲခူး ဇူလိုင် ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့က ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(ဘုရားကြီး)နှင့် အခြေခံပညာအထက်တန်းကျောင်း (ဥက္ကံ-ဘုရားကလေး) တို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် (NRC) နှင့် UID ကတ်များကို ကျောင်းအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် အသက် (၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေးကတ် အသစ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric)များ ကောက်ယူမှတ်တမ်းတင်ခြင်းနှင့် UID ကတ်များ ထုတ်ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြသည်။
လုပ်ငန်းဆောင်ရွက်နေမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးအေးလှိုင်၊ ပဲခူးမြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များကို ကျောင်းသား၊ ကျောင်းသူများထံ တစ်ပါတည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ကျောင်းများသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခြင်းသည် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကုန်သက်သာစေရန်၊ လိုအပ်သည့် နိုင်ငံသားအထောက်အထား စာရွက်စာတမ်းများကို အဆင်ပြေမြန်ဆန်စွာ ရရှိနိုင်စေရန်နှင့် အစိုးရ၏ ပြည်သူဗဟိုပြု ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)