ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၂၄
 
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအမှတ်(၇) စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
 
အခမ်းအနားတွင် ပျဉ်းမနားမြို့ ရတနာသိဒ္ဓိကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တကုသလ အရှင်သူမြတ်နှင့် သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များရွတ်ဖတ်ကြပြီး တက်ရောက်လာကြသော ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာတင်နှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများက ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
 
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာတင်နှင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)ဦးရဲတင့်တို့က ပျဉ်းမနားမြို့ ရတနာသိဒ္ဓိ ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တကုသလ အရှင်သူမြတ်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။
 
ယင်းနောက် ရတနာသိဒ္ဓိကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တကုသလ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
 
အခမ်းအနားအပြီးတွင် ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
 
ရွှေပင်လယ်(သုတေသန)
ဓာတ်ပုံ−မိုးလွင်