ပြည်မြို့၌ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ အရန်သားဖွားဆရာမများ လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

​ပြည် ဇူလိုင် ၁၅

​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရက်(၁၀၀)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းစီမံချက်တစ်ခုဖြစ်သည့် မြို့နယ်အတွင်းရှိ "အရန်သားဖွားဆရာမများ လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ" ကို ပြည်မြို့ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက  ကျင်းပလျက်ရှိသည်။

​ရှေးဦးစွာ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ကအဖွင့်အမှာစကား ပြောကြားရာ ကျေးလက်ဒေသရှိ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန်လာစေရန်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ ကူညီစောင့်ရှောက်ပေးနိုင်ရန်နှင့် အရန်သားဖွားဆရာမများ၏ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍  ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ထိုသို့ ဆွေးနွေးပွဲဆောင်ရွက်ရာတွင် ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာများက ဦးဆောင်၍ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု နည်းစနစ်များ၊ သားဖွားခြင်းဆိုင်ရာ အရေးပေါ်အခြေအနေများတွင် တုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အရန်သားဖွားဆရာမများ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် မြေပြင်လုပ်ငန်းခွင်၌ ကြုံတွေ့ရသည့် အတွေ့အကြုံ၊ အခက်အခဲများကို အပြန်အလှန် ဝိုင်းဝန်းဆွေးနွေးလျက်ရှိသည်။

​အဆိုပါ ဆွေးနွေးပွဲသို့ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ အရန်သားဖွားဆရာမ (၄၁) ဦး တက်ရောက်ဆွေးနွေးလျက်ရှိပြီး ဆွေးနွေးပွဲကာလမှာ ဇူလိုင်လ ၁၃ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ စုစုပေါင်း (၅) ရက်တာဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဝဏ္ဏထွန်း (ပြန်/ဆက်)