ကန့်ဘလူ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအား အာဟာရကျွေးမွေးနိုင်ရေးအတွက် ငှက်ပျောပင်ပေါင်း ၁၁၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရှေးဦးစွာ ကန့်ဘလူမြို့ အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင် ၁၁ ရက်က ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်မာအေးနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများက ငှက်ပျောပင် ၂၀၀ ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးခဲ့သောငှက်ပျောပင်များသည် ဖီးကြမ်းငှက်ပျောပင် မျိုးများဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဝေပေးခဲ့ကြောင်းနှင့်ဆက်လက်၍ အခြေခံပညာကျောင်းများအလိုက် ငှက်ပျောပင် ၁၁၀၀ ထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးစိုးက ပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)