ဖရူဆို ဇန်နဝါရီ ၂၄
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများသို့ ယမန်နေ့က စတင်ပြီး အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထို့သို့ သွားရောက်ပေးအပ်ရာတွင် ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းထက်ထက်လွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက လူမှုရေးပင်စင်ခံစားရရှိသော သက်ကြီး ဘိုးဘွားများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့သည်။
ဖရူဆိုမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၄) အုပ်စုတို့မှ အသက်(၈၅)အထက် အဘိုး(၂၆)ဦး၊ အဘွား(၄၀)ဦး၊ စုစုပေါင်း(၆၆)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းနှင့် အသက်(၁၀၀) ကျော် သက်ကြီးဘိုးဘွား(၆)ဦးအတွက် တစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေစုစုပေါင်း ငွေကျပ်(၆၀၀၀၀) နှုန်း ဖြင့် အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)