ညောင်လေးပင်မြို့နယ် ပညာ့ဂုဏ်ရည်ကိုယ်ပိုင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ညောင်လေးပင် ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းတို့ကို ယနေ့မွန်းလွဲ(၁၃)နာရီအချိန်က ပညာ့ဂုဏ်ရည်ကိုယ်ပိုင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ပညာ့ဂုဏ်ရည်ကိုယ်ပိုင် ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားရာတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများဖြစ် လာစေရန် သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်၊ ကလေးအလုပ် သမားပပျောက်ရေးနှင့် ပတ်သက်သည့်အကြောင်း အရာများကို ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရဖွယ်အသိပညာပေး အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်အဖြစ် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများကကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟု သုတရရှိစေမည့် စာအုပ်/စာစောင်များကို ဖတ်ရှုစေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)