မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားတက်ရောက်

မကွေး ဇူလှိုင် ၁၅

မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးသားပေါက်များကိုမြစ်၊ ချောင်း၊ ကန်များအတွင်းသို့ လွှတ်ပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်တွင် ငါးသယံဇာတများ ရေရှည်တိုးပွားလာစေရန်နှင့် ဂေဟစနစ်ကိုထိန်းသိမ်းရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန် ငါးမျိုးများကို တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များရှိ ဧရာဝတီမြစ်၊ ချောင်းနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့် ဆောင်ရွက်လျက်ရှိရာ ဇူလှိုင်လ ၁၄ရက် ယနေ့နံနက်ပိုင်းက မကွေးမြို့ ကမ်းနားလမ်း နန်းထိုက်သူဟိုတယ်အနီး ဧရာဝတီမြစ်ကမ်းစပ်၌ ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်၍ ဧရာဝတီမြစ်အတွင်း ကြီးထွားမှုနှုန်းမြန်ဆန်သည့် ငါးသားပေါက်များဖြစ်သော ငါးခုံးမကြီးကောင်ရေ နှစ်သိန်း၊ ငါးမြစ်ချင်းကောင်ရေ နှစ်သိန်း၊ စုစုပေါင်းငါးမျိုးကောင်ရေ လေးသိန်းကို စိုက်ထည့်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း ဖမ်းဆီးစားသုံးခြင်းမှ ကုန်ဆုံးသွားသော ငါးများအား ပြန်လည်အစားထိုးရန်ရည်ရွယ်၍ စိုက်ထည့်ခြင်းဖြစ် ကြောင်း၊ငါးမျိုးရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် တောင်တွင်းကြီးမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် မြို့သစ်မြို့နယ်တို့တွင် ငါးသားပေါက် စခန်းများဖွင့်လှစ် ဆောင်ရွက်ပေးခြင်း၊ ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် ဆည်၊ ကန်များနှင့်မြစ်၊ ချောင်းများအတွင်း နှစ်စဉ်ငါးမျိုးများ စိုက်ထည့်ပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး ယခု နှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ငါးမျိုးစိုက်ကောင်ရေ စုစုပေါင်း ၁၁ သိန်းကျော် စိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)