ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိူးမြင့် ဖလမ်းမြို့ အခြေခံပညာကျောင်းများနှင့် ကျောင်းကျန်းမာရေးဌာနတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး

ဖလမ်း ဇူလိုင် ၁၄

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင် ၁၃ ရက်နေ့က ဖလမ်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်းများနှင့် ကျောင်းကျန်းမာရေးဌာနတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့မိမြို့ဖများနှင့်အတူ ဖလမ်းမြို့၊ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ခဲ့ရာ ကျောင်းအုပ်ကြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံရာတွင် ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမ (၈) ဦးဖြင့် သင်ကြားရေးတာဝန်များကို ထမ်းဆောင်နေပြီး ကျောင်းသား၊ ကျောင်းသူ (၁၀၅) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါကြောင်း၊ သင်ထောက်ကူပစ္စည်းများရရှိမှုအခြေအနေနှင့် လက်ရှိသင်ကြားနေမှုအခြေအနေတို့ကို တင်ပြရာ ဒုတိယဝန်ကြီးမှ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူ (၉၂) ဦး တို့အား မျက်စိစမ်းသပ်ပေးခြင်း၊ သွားနှင့်ခံတွင်းစမ်းသပ်ပေးခြင်း၊ တစ်ကိုယ်ရည်ကျန်းမာရေးစစ်ဆေးပေးခြင်းစသည့် ဆောင်ရွက်မှုများနှင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုတို့ကို လိုက်လံကြည့်ရှုပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်း ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့၊ အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ကြီးအပါအဝင်‌ဆရာ၊ ဆရာမ (၈)ဦးဖြင့် သင်ကြားရေးတာဝန်များကို ထမ်းဆောင်နေပြီး ကျောင်းသား၊ကျောင်းသူ (၅၄) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါကြောင်းနှင့် အနီးအနားရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် မူလတန်းလွန်ကျောင်းအဆင့်မှအလယ်တန်း ကျောင်းအဆင့်သို့ တိုးမြှင့်ပေးနိုင်ပါရန် တင်ပြကြရာ ဒုတိယဝန်ကြီးမှ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုတို့ကို လိုက်လံကြည့်ရှုပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်း ရင်းရင်းနှီးနှီးအားပေးစကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့မိမြို့ဖများနှင့်အတူ ဖလမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိခဲ့ရာ ဒုတိယဝန်ကြီးမှ တာဝန်ရှိသူများအား ကျောင်းပတ်ဝန်းကျင်နှင့်ကျောင်းအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် ရာပြည့်အထိမ်းအမှတ် ပြုလုပ်ခဲ့သော ပင်မကျောင်းဆောင်ကြီးအား ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းသွားကြရန်တို့ကို လမ်းညွှန်မှာကြားပြီး၊ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပါသည်။

ဖလမ်းမြို့တွင် အခြေခံပညာကျောင်း (၁၁၃) ကျောင်း ဖွင့်လှစ်နိုင်ပြီး သင်ကြားရေးဆရာ၊ ဆရာမ (၂၈၄) ဦးဖြင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူ (၃၄၄၀) ဦးကို ပညာသင်ကြားပေးလျက်ရှိသည်။ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များတွင် အခြေခံပညာကျောင်းပေါင်း (၂၈၂) ကျောင်း ဖွင့်လှစ်နိုင်ပြီး သင်ကြားရေးဆရာ၊ ဆရာမ (၁၂၄၇) ဦးဖြင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ (၂၀၃၁၄) ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)