ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုအားလုံးနီးပါး ပြီးစီးနေပြီဖြစ်

ဘားအံ ဇန်နဝါရီ ၂၄

ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် UNESCO သို့ တင်သွင်းရန် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကိုယ်တိုင် ဦးစီးဆောင်ရွက်လျက်ရှိရာ ယခုအခါ ပြင်ဆင် ဆောင်ရွက်မှု အားလုံးနီးပါးပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်အဆင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်ထံက သိရသည်။

ကရင်ရိုးရာဒုံးအကကို UNESCO သို့တင်သွင်းနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ် အဆင့်အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီ၊  ကရင်စာပေနှင့် ယဉ် ကျေးမှုအဖွဲ့နှင့် ကရင်လူထုတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြပြီး ကကြိုးကကွက်သုတေသန၊ တေးအလင်္ကာ သုတေသန၊ တူရိယာသုတေသန၊ ရိုးရာသင်တိုင်းအဆင်သုတေသန၊ ဓါတ်ပုံ၊ဗီဒီယိုမှတ်တမ်းနှင့် စာပေယဉ်ကျေးမှု အစရှိသည့် သုတေသနအဖွဲ့များဖွဲ့စည်းကာ ကရင်ရိုးရာဒုံးအကထွန်းကားခဲ့ရာနေရာဒေသများသို့ သွားရောက်ကွင်းဆင်းသုတေသနပြု၍ ကိုလိုနီခေတ် ၊ လွတ်လပ်ရေးရပြီးခေတ်နှင့် မျက်မှောက်ခေတ်ဟူ၍ ခေတ်ကာလ သုံးမျိုးဖြင့် UNESCO မှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ တင်သွင်းသွားမည်ဖြစ်သည်။

“ကရင်ရိုးရာဒုံးအကကို UNESCO တင်သွင်းနိုင်ဖို့ ကြိုးစားလာတာဟာ တော်တော်လေးကို ခရီးရောက်ပြီလို့ ပြောလို့ရပါတယ်၊ ပထမပိုင်းအနေနဲ့ ဒုံးအကကိုထိန်းသိမ်းနေတဲ့ရွာတွေကို ဆင်းပြီးတော့ သုတေသနလုပ်ငန်းတွေ လုပ်တယ်၊ ရွာပေါင်း ၂၀ ကျော်ခန့်နီးပါးကို သွားပြီးတော့လေ့လာထားပြီးဖြစ်တယ်၊ အဲဒီမှာ ရှာဖွေတွေ့ရှိလာတဲ့ ကကြိုး ကကွက်တွေကိုပြန်စုစည်းပြီးတော့ UNESCO တင်ဖို့ အကတိုက်လေ့ကျင့်ပြီးပြန်ဖျော်ဖြေတဲ့အပိုင်းတွေပေါ့နော်၊ အဲဒီအပိုင်း မှာလည်း ပဒေသရာဇ်ခေတ်က ကျွဲဒုံးလိုမျိုး၊ ကျားဒုံးလိုမျိုးတွေပါမယ်၊ လွတ်လပ်ရေးမတိုင်မီခေတ်တွေ၊ လွတ်လပ်ရေး ရပြီးခေတ်မှာ ဒီဒုံးအကဟာ ဘယ်လိုမျိုး တစ်ဖြည်းဖြည်းလက်ဆင့်ကမ်းလာတယ် ဆိုတဲ့ပုံစံမျိုးလေးတွေကို ဆယ့်နှစ်လ ရာသီဒုံးတို့၊ မောင်ရိုးဒုံးတို့တွေနဲ့ ကျွန်တော်တို့ ကပြတင်ဆက်သွားမှာဖြစ်တယ်၊ ဒါတွေအားလုံးကို ကျွန်တော်တို့ ကြိုတင် လေ့ကျင့်ပြင်ဆင်ထားပြီးတော့ ပြည်သူကိုချပြဖို့လည်း အဆင့်သင့်ဖြစ်နေပြီပေါ့နော်” ဟု ပြည်နယ်အဆင့်အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင် က ပြောသည်။

 UNESCO သို့ တင်သွင်းရန် ကရင်ရိုးရာဒုံးအက၏ သမိုင်းကြောင်းနောက်ခံအချက်အလက်များကို ကွင်းဆင်း သုတေသနပြု လေ့လာခဲ့ကြပြီး ကရင်ရိုးရာယဉ်ကျေးမှုထွန်းကားရာနေရာဒေသများ၊ ကျေးရွာများရှိ ရှေ့မီနောက်မီ သက်ကြီးကရင်အဘိုးအဘွားများ၏ ၎င်းတို့ခေတ်ကာလ ဒုံးအကနှင့်ပတ်သက်၍ ကိုယ်တွေ့မှတ်တမ်းများကို စနစ်တကျ မှတ်တမ်းတင်သုတေသနပြုခဲ့ကြသည်ဟုလည်း သိရသည်။

 ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှုအားကောင်းသည်ကိုမြင်တွေ့ရပြီး လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က “အဓိကတော့ ကရင်ပြည်နယ်နေရာအနှံမှာရှိတဲ့ ဒုံးနဲ့ပတ်သက်တဲ့၊ စာပေယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ရွာအားလုံးနီးပါးကို ကျွန်တော်တို့သွားပြီးတော့လေ့လာထားတယ်၊ မြို့နယ်အလိုက် ရွာအလိုက်ရှိတဲ့ စာပေနဲ့ယဉ်ကျေးမှု အသင်းတွေကလည်း အားလုံးဝိုင်းဝန်းပြီးတော့ လိုအပ်တဲ့သတင်းအချက်အလက်တွေကို စုဆောင်းပေးထားတွေလည်း ရှိတယ်၊ ပြီးရင် တစ်နိုင်ငံလုံးမှာရှိတဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတွေကလည်း ခေါင်းဆောင်မှုတွေပေးတယ်၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှာရှိတဲ့ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေကလည်း ဝိုင်းဝန်းပြီးတော့ ပံ့ပိုးကူညီတဲ့အတွက်ကြောင့်မို့လို့ ဒီအဆင့်ထိရောက်အောင် ကျွန်တော်တို့ ဆောင်ရွက်နိုင်ခြင်းဖြစ်တယ်၊ တစ်ဆက်တည်းမှာဘဲ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေကလည်း ကျွန်တော်တို့နဲ့ အမြဲတမ်းဆက်သွယ်ပြီးတော့ ပြောနေတယ်၊ သတင်းတွေလည်း up date လုပ်နေတယ်၊ သူတို့ဘက်ကလည်း ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တွေကို အပြည့်အ ဝထောက်ခံနေတာတွေလည်း ရှိတယ်၊ ဒါကြောင့်မို့လို့ အားလုံးပါဝင်ပြီးတော့ စုစုစည်းစည်းနဲ့ ညီညီညွှတ်ညွှတ်နဲ့ ပေါင်းစည်းလုပ်ကိုင်နေတယ်လို့ ပြောလို့ရပါတယ်”  ဟု ပြောသည်။

ကရင်ရိုးရာဒုံးအကနှင့်အတူ ရှမ်းပြည်နယ်မှလက်ဖက်အသုံးပြုသည့်ဓလေ့၊ မန္တလေးတိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့မှ ကြိုးကြီးချိတ်လုပ်ငန်းတို့ကိုလည်း UNESCO သို့တင်သွင်းရန် အပြို်ငအဆိုပြုထားပြီး ခိုင်မာအားကောင်းမှု အရှိဆုံးတစ်ခုကို အမျိုးသားအဆင့်ဗဟိုကော်မတီအစည်းအဝေးတွင် ရွေးချယ်ကာ UNESCO သို့တင်သွင်းသွားမည်ဖြစ် ကြောင်း သိရသည်။

ကရင်ရိုးရာဒုံးအကသည် ကရင်တိုင်းရင်းသားတို့နှင့်အတူ ယဉ်ကျေးမှုသက်တမ်းသမိုင်းကြောင်းရှည်ကြာခြင်း၊ ခေတ်အလိုက် ရိုးရာဟန်ဖြင့် တိုးတက်ထွန်းကားမှုရှိခြင်း၊ လက်ဆင့်ကမ်းဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ခြင်း အစရှိသည့် ဂုဏ်ဒြပ်များနှင့် ပြည့်နှက်လျက်ရှိပြီး  UNESCO သို့တင်သွင်းအောင်မြင်ပက ကရင်တိုင်းရင်းသားလူမျိုးတို့၏  ဒုံးအက၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဝတ်စားဆင်ယဉ်နေထိုင်မှု၊ စာပေဘာသာစကား စသည်တို့သည် ကမ္ဘာတည် သရွေ့တည်တံ့ခိုင်မြဲပြီး ကိုယ်ပိုင်သွင်ပြင်လက္ခဏာဂုဏ်သိက္ခာပြည့်ဝစွာဖြင့် ကမ္ဘာ့အလည်တွင် ဝင့်ဝင့်ထည်ထည်ဖြင့် ပိုမိုဂုဏ်သရေရှိစွာ ရပ်တည်ရှင်သန်နိုင်မည်ဖြစ်သည်။

 UNESCO တင်သွင်းမည့် ကရင်ရိုးရာဒုံးအကကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဘားအံတက္ကသိုလ်ဘွဲနှင်းသဘင် ခန်းမ၌ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကိုယ်တိုင်ဦးဆောင်၍ ပြည်သူလူထုထံချပြသွားရန် စီစဉ်ထားပြီး မတ်လကုန်ပိုင်းခန့်တွင် လိုအပ်သည်များအားလုံး အဆင်သင့်ဖြစ်နေမည်ဟု သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)