ပြည် ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဘေးအန္တရာယ်နှင့်အရေးပေါ်အခြေအနေများတွင် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရေသန့်စက်ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို ပြည်ခရိုင် ကြက်ခြေနီအသင်းခွဲရုံး၌ ဇူလိုင် ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ သဲကုန်း၊ တောင်ငူ၊ အုတ်တွင်း၊ ဖြူးစသည့် မြို့နယ်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းတွင် စာတွေ့ပို့ချချက်များအပြင် လက်တွေ့နယ်ပယ်တွင် ကျွမ်းကျင်စွာအသုံးပြုနိုင်ရေးအတွက် ပြည်မြို့၊ ခေတ္တရာရပ်ကွက်ရှိ ကန်တော်မောင်နှမရေကန်၌ ရေသန့်စက် လက်တွေ့မောင်းနှင်ခြင်းနှင့်ရေအရည်အသွေး စစ်ဆေးသန့်စင်ခြင်းလုပ်ငန်းများကို လက်တွေ့ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ယခု လေ့ကျင့်သင်ကြားပေးခဲ့သည့် ရေသန့်စက်အား ပြည်ခရိုင် ကြက်ခြေနီရုံးတွင် အမြဲတမ်းအဆင်သင့်ထားရှိသွားမည်ဖြစ်ပြီး၊ သဘာဝဘေးအန္တရာယ်များနှင့် အရေးပေါ် အခြေအနေများ ကြုံတွေ့လာပါက ဒေသတွင်း ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ အချိန်မီရရှိစေရန်အတွက် အဆိုပါရေသန့်စက်ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးမိုး(ပြန်/ဆက်)