ဖြူး ဇူလိုင် ၁၄
ကျောင်းသားအရွယ်မှ စတင်ကာ အသိပညာဗဟုသုတများ ရရှိစေပြီး အတွေးအခေါ်များ ရင့်သန်စေရေးအတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အ.ထ.က (၂) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကျောင်းသားလူငယ်များ လေ့လာမှုများဖြင့် အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်များရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်နိုင်စေရန်နှင့်တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက် လူငယ်စကားဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး Grade-9 ၊ Grade-10 မှ ကျောင်းသား/ကျောင်းသူ (၇) ဦးတို့က လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း စကားဝိုင်း၏ ခေါင်းစဥ်အလိုက် သိရှိလိုသည့် အချက်များအား မေးမြန်းဆွေးနွေးခြင်း၊ ပြန်လည်ဖြေကြားဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြောင်းနှင့် ဦးဆောင်ဆွေးနွေးသူ (၇) ဦးအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)