အိမ်မဲ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ကျင်းပသည်။
အစည်းအဝေးတွင် အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များက မိုးတွင်းကာလဖြစ်သည့်အတွက် ရေကြီး၊ ရေဝင်နိုင်သော စာသင်ကျောင်းများရှိပါက ချက်ချင်းသတင်းပို့ကြရန်၊ မိုးစပါးကြဲခင်းပပျောက်ရေးအတွက် Seeder များဖြင့် စိုက်ပျိုးကြရန်၊ ကျေးရွာများတွင် ရေစီး၊ ရေလာကောင်းအောင် ဆောင်ရွက်ကြရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပါက ချက်ချင်းသတင်းပို့ကြရန်နှင့် မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ကြရန်၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကြရန်၊ လုံခြုံရေးသတိဖြင့် နေထိုင်ကြရန် စသည့်ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မိမိတို့ဆောင်ရွက်ထားရှိမှုများ၊ ရပ်ရွာအတွင်း ဒေသဖွံဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)