မင်းလှ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် တိုင်းရင်းသားရေးရာ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့များသည် မင်းလှမြို့နယ်၌ အစိုးရက ခွင့်ပြုသည့်ဥပဒေနှင့်ညီညွတ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအတွက် လျှောက်ထားသည့် လုပ်ငန်းစာတွဲများနှင့်ပတ်သက်သည့် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်သည့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အမှာစကားပြောကြားပြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လျှောက်ထားလာသော လုပ်ငန်းစာတွဲများအား မြေလွတ်မြေရိုင်းအခြားနည်းဖြင့် သုံးစွဲခွင့်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ခံ ဦးအောင်ကျော်ထွန်းက လျှောက်ထားသည့် လုပ်ငန်းစာတွဲနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူက မြေလွတ်မြေရိုင်း အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်ထားရာတွင် လျှောက်ထားမြေနေရာအားစိစစ်ခြင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ထောက်ခံချက် စသည့်အချက်များနှင့် ပြည့်စုံစွာ လျှောက်ထားနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက စာတွဲလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)