လွိုင်ကော် ဇူလိုင် ၁၄
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများစဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ နည်းပညာတက္ကသိုလ် (လွိုင်ကော်)၊ ဒေါဥခူဝန်ထမ်းအိမ်ရာနှင့် ဝန်ကြီးများအိမ်ရာ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ် (လွိုင်ကော်) သို့ရောက်ရှိပြီး အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နည်းပညာတက္ကသိုလ် ပင်မအဆောက်အအုံ၊ သုဓနုဆောင်၊ ငွေတောင်ဆောင်၊ သုံးထပ်စာသင်ဆောင်၊ အလုပ်ရုံများ၊ ဒွေးမယ်နော်ဆောင်နှင့် စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကျောင်းဝင်းအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများ၊ မိုင်းရှင်းခြင်းနှင့် ချုံနွယ်များရှင်းလင်းနေမှုတို့ကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဝင်းအတွင်း လူအင်အား၊ စက်ယန္တယားအင်အားများဖြင့် သန့်ရှင်းသပ်ရပ်ရေး အမြန်ဆုံးဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
နည်းပညာတက္ကသိုလ် (လွိုင်ကော်) ကို လက်ရှိတွင် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၌ ခေတ္တတွဲဖက်ဖွင့်လှစ်ထားလျက်ရှိပြီး ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၈၂) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါဥခူရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာသို့ ရောက်ရှိပြီး အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေးခန်းတွဲ ငါးထပ်တိုက် အမှတ် (၁) နှင့် တိုက်အမှတ် (၂) တို့အား အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအားလုံး အရည်အသွေးစံချိန်စံညွှန်းများ ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေးဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နောင်ယား (က) ရပ်ကွက်သို့ သွားရောက်ပြီး အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ကြီးများအိမ်ရာ ခြံအမှတ် (၈)၊ (၉) နှင့် (၁၀) ရှိ နေအိမ်အဆောက်အအုံများနှင့် ဆက်စပ်အဆောက်အအုံများ အကြီးစားပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးအောင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)