မုံရွာ ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ မြို့နယ် ဦးစီးမှူးများသည် ယနေ့နံနက် (၁၀)နာရီက လာရောက် လေ့လာခဲ့ကြောင်း သိရသည်။
“ မန္တလေးတိုင်းအတွင်းမှာက နေရာအခက်အခဲရှိတယ်၊ ဒီမှာကျတော့ နေရာကျယ်တဲ့အတွက် လုပ်ကိုင်ရတာ အဆင်ပြေတာကိုတွေ့ရတယ်၊ အဲဒိလိုကွဲပြားမှုရှိတဲ့နေရာတွေမှာ မုံရွာမှာတွေ့ရတဲ့ အခြေအနေကို ချိန်ညှိပြီး လုပ်ဆောင်နိုင်ဖို့အတွက် လာရောက်လေ့လာခြင်းဖြစ်ပါတယ်၊ ဒီမှာက အားသာချက် တွေ့ရတာက စုံစမ်းရေးဌာန စနစ်တကျဖွဲ့ပြီးတော့ ပြည်သူရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာဖြစ်တယ်၊ နောက်ပြီး စုံစမ်းရေးမှာ တာဝန်ယူ လုပ်ရတဲ့ ဝန်ထမ်းတွေရဲ့ စိတ်နေသဘောထား ကိုဘယ်လို ပြင်ဆင်ထားရမလဲ ဆိုတဲ့ထူးခြားချက်ကို တွေ့ရတယ်၊ ဌာနတစ်ခုခြင်းစီအလိုက် လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ်လေ့လာခွင့်ရတဲ့အတွက် ဒီနေ့လာ ရောက် လေ့လာတဲ့ ခရီးစဉ်လေးက ကျွန်တော်တို့အတွက် အများကြီးအကျိုးရှိစေပါတယ် ” ဟု မုံရွာမြို့သို့ လာရောက် လေ့လာသူ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းလှဇံက ပြောသည်။
အဆိုပါအဖွဲ့သည် မုံရွာမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၏ လုပ်ငန်း ဆောင်ရွက်ချက်များဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ဆောင်ပေးမှုအခြေအနေ၊ စုံစမ်းရေးဌာန ဖွဲ့စည်းပြီး ဝန်ဆောင်မှုပေးနေမှုအခြေအနေ၊ နိုင်ငံသားကိုယ်ရေးအချက်အလက်များ သိုလှောင်သိမ်းဆည်းမှု အခြေအနေ၊ ရုံးအတွင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဦးစီးမှူး ဦးဆန်းမင်း အောင်နှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပေး ခဲ့ကြောင်း သိရသည်။
ဝင်းဦး (ဇေယျာတိုင်း)