ကလေး​မြို့၌ စစ်ကိုင်းတိုင်း​ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ရန်အောင်မြင်တံတားဖွင့်လှစ်

ကလေး ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌  စစ်ကိုင်းတိုင်း​ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမင်းမင်းဇေယျာမြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီအချိန်က ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်ရှိ ရန်အောင်မြင်တံတားအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဦးစွာ စစ်ကိုင်းတိုင်း​ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမင်းမင်းဇေယျာမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်း​ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်မြင့်က တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြောကြားသည်။ ထို့နောက် ကလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနာယက ဦးဌေးအောင်နှင့် ဒေသခံပြည်သူတစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။

ဆက်လက်၍ရန်အောင်မြင့်တံတားအလှူရှင် ဦးဗန်ဒုကျုံးက တံတားနှင့်ပတ်သက်သည့် အချက်အလက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်အမှုဆောင်အရာရှိ ဦးတင့်လွင်ထံ ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရန်အောင်မြင့်တံတားအား ဖဲကြိုးဖြတ်၍ စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ကြသည်။ အဆိုပါတံတားကို အလှူရှင် ဦးဗန်ဒုကျုံးမှလှူဒါန်းကာ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ တည်ဆောက်ခဲ့ပြီး တံတားတန်ဖိုး ငွေကျပ် ၈၉၅ သိန်း ရှိခဲ့သည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး​ ဦးငွန်ဘွလ်ထန်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)