မြို့သစ်မြို့နယ်၊ ဂွေးကုန်းကျေးရွာရှိ ဝါစိုက်တောင်သူများအား မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးအပ်

မြို့သစ် ဇူလိုင် ၁၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ လူမှုစီးပွားမြှင့်တင်ရေး   (သက်တံ့ရောင်) စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် မျိုးနှင့်သွင်းအားစု ပံ့ပိုးပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့သစ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁)  ဦးစိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်သမဝါယမဦးစီးမှူး  ဒေါ်ဇာလတ်ဖြူက လူမှုစီးပွားမြှင့်တင်ရေး (သက်တံ့ရောင်) စီမံကိန်းဖြင့် ဝါသီးနှံစိုက်တောင်သူများအတွက် မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁)၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဂွေးကုန်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာ မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသား တောင်သူ (၁၃၈) ဦးအား ဝါသီးနှံဧက (၃၅၀) ဧကအတွက် စုစုပေါင်းငွေကျပ်သိန်း (၈၂၆၀၀၀၀၀/-) တန်ဖိုးရှိ မျိုးစေ့နှင့် သွင်းအားစုများ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)